နေပူမလောင်အောင် ကာကွယ်ကြစို့
အအေးဓာတ်တွေကလည်း လျော့လာ၊ ရာသီဥတုကလည်း သာယာလာ၊ ကျောင်းပိတ်ရက်တွေကလည်း ရောက်လာပြီဆိုတော့ အပြင်ထွက် လမ်းသလား၊ ကမ်းခြေတွေ သွားချင်စိတ်ကို ထိန်းမရတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ နေရောင်ခြည်ခံရင် ဗိုက်တာမင် D ရစေတယ် ဆိုပေမယ့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်တွေက ဗိုက်တာမင် D အပြင် နေလောင်တာနဲ့ အရေပြားကင်ဆာကိုပါ လက်ဆောင်ပေးမှာပါ။ အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီရဲ့ နေရောင်ခြည်တွေပေါ့။
ဒါဆို အပြင်မထွက်ရတော့ဘူးလား ဆိုရင်တော့ မဟုတ်ပါဘူးနော် (ဖြစ်နိုင်ရင်တော့ မထွက်တာ အကောင်းဆုံးပေါ့)။ မတတ်သာလို့ အပြင်ထွက်ရတဲ့အခါ နေပူမလောင်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေ ရှိတာမို့ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်။
⭐ နေရောင်ကာခရင်မ် လိမ်းပါ
နေရောင်ကာခရင်မ် လိမ်းတာက နေလောင်တာနဲ့ အရေပြားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးသလို အပူဒဏ်ကြောင့် ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အပြင်ထွက်မယ်ဆို SPF 50+ ပါတာလိမ်းသင့်ပြီး အပြင်မထွက်ခင် မိနစ် ၂၀ ခန့် ကြိုတင်လိမ်းသင့်ပါတယ်။ နေပူထဲမှာ ကြာကြာနေမယ်ဆို ၂ နာရီခြားတစ်ခါလောက် ထပ်လိမ်းသင့်ပါတယ်။ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေရင်လည်း မနက်တိုင်း SPF 30 + ရှိတဲ့ နေရောင်ကာခရင်မ်ကို လိမ်းသင့်ပါတယ်။
⭐ အဝတ်အစားကို အကာအကွယ်ရအောင် ဝတ်ပါ
နေပူထဲ ထွက်တဲ့အခါ တတ်နိုင်သမျှ အရေပြားကို ဖုံးအုပ်တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ စကပ်အရှည်၊ ထမီ၊ ပုဆိုးတွေ ဝတ်ပါ။ ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် ချည်ထည်များကို ရွေးချယ်ဝတ်ဆင်ပါ။ စျေးကွက်ထဲမှာ UPF (Ultraviolet Protection Factor) ပါတဲ့ နေရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်အောင် ပြုလုပ်ထားတဲ့ အဝတ်အစားတွေလည်း ရှိနေပြီမို့ ရွေးချယ်ဝတ်ဆက်နိုင်ရင် ပိုကောင်းပါတယ်။ ထီး၊ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်ကြီးကြီး တပ်တာမျိုးလည်း လုပ်ပါ။
⭐ တတ်နိုင်သမျှ အရိပ်ထဲမှာ နေပါ
အပြင်ထွက်ရရင်တောင် တတ်နိုင်သမျှ အရိပ်အောက်မှာ ရှာပြီးနေပါ။ သစ်ပင်ရိပ်၊ အဆောက်အဦးတွေရဲ့ အရိပ်ကျတဲ့နေရာမျိုး၊ နေရောင်ခြည်တိုက်ရိုက်မကျတဲ့ နေရာမျိုးမှာ ရွေးချယ်နေပါ။
⭐ ကမ်းခြေသွားရင် အမိုးအကာတဲ အောက်မှာနေပါ
ကမ်းခြေတွေ သွားတဲ့အခါ နေပူနေတဲ့အချိန်ဆိုရင် တတ်နိုင်သမျှ အမိုးအကာတဲအောက်မှာပဲ နေသင့်သလို နေရောင်ကာခရမ်ကို ထပ်ကာထပ်ကာ လိမ်းဖို့လည်း မမေ့သင့်ပါဘူး။
⭐ ရေများများသောက်ပါ
ရေများများသောက်တာက ခန္ဓာကိုယ်နဲ့ အရေပြားကို ရေဓာတ်ပြည့်ဝနေစေပြီး နေပူဒဏ်ကြောင့် အရေးအကြောင်းတွေ ဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ ရေအပြင် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေလည်း သောက်လို့ရသလို ရေဓာတ်များစွာပါဝင်တဲ့ ဖရဲသီး၊ ခရမ်းချဥ်သီး၊ သခွားသီးတွေလည်း စားလို့ရပါတယ်။အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်တွေကတော့ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေလို့ ရှောင်သင့်ပါတယ်။
အပူဒဏ်များတဲ့ အချိန်မှာ တတ်နိုင်သမျှ အပြင်ကို မထွက်တာက အကောင်းဆုံးပါပဲ။ မတတ်သာလို့ ကိစ္စရှိလို့ ထွက်ရသည်ဖြစ်စေ၊ မနေနိုင်လို့ ထွက်ရသည်ဖြစ်စေ နေပူမလောင်အောင် ဂရုတစိုက် ကာကွယ်နိုင်ကြစေဖို့ မျှော်လင့်မိပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်